Monday, February 20, 2012

ကမ္ဘာကျော် စစ်သူကြီး နပိုလီယံ ရဲ့ မကျော်ကြားတဲ့ ဖြစ်ရပ်

ဆင်းရဲသူတစ်ယောက်အကြောင်းပါပဲ။ သူမကို အနောက် အင်ဒီးစ်ကျွန်းစု တံငါရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။သကြားချွတ်စက်ရုံတစ်ခုရဲ့အပေါ်ထပ် ညစ်ထေးစုတ်ချာတဲ့ ဘာမှမရှိတဲ့ မှောင်မည်းတဲ့အခန်းလေးထဲမှာ နေခဲ့ရသူ.....။
ကမ္ဘာ့သမိုင်းမော်ကွန်းမှာ အထင်ပေါ်အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို စုလျားလက်ထပ်ခဲ့သူ.....။
သူမရဲ့နာမည်က မာရီဂျိုးဆေ့ဖ်ရိုဇ်တာရှေလာပါဂျေရီ.....။ ဒါပေမယ့် သူမကို ဂျိုးဇက်ဖင်း လို့ပဲခေါ်ကြပါတယ်။
ဂျိုးဇက်က နပိုလီယန်ဘိုနာဘတ် ထက်အသက်(၆) နှစ်ပိုကြီးပါတယ်။သူတို့ပထမဆုံးစတွေ့ကြတုန်းက သူမက (၃၃) နှစ် နပိုလီယန်က (၂၇)နှစ် ။
သူမကအလှကြီးတော့မဟုတ်၊သွားတွေက သိပ်မကောင်းတဲ့အပြင်ပိုးကလဲစားထားသေး ။ပြီးတော့ အရွယ်မရောက်တစ်ယောက် ကလေး(၂) ယောက်ရဲ့အမေ၊ပေးစရာ အကြွေးတွေက ခေါင်ခိုက်နေသည်။ ကြွေးထူမှုကြောင့် ရဲနှင့်လည်းမကင်း....။
ဒါကြောင့်သူမအနေနဲ့ကျပ်တည်းဆင်းရဲပြီး ခါးသီးပြင်းထန်တဲ့မလှမှုနဲ့ (ဘ၀ကို) စတင်ခဲ့ရတယ်လို့ဆိုရမှာပဲ။
ဒါပေမယ့်.....သူမမှာ အလွန်အဖိုးထိုက်တန်တဲ့အရာတစ်ခုတော့ ရှိလေရဲ့။
ယောက်ကျားတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိတဲ့အသိ။ သူမက မုဆိုးမတစ်ယောက် ၊ အတွေ့အကြုံက ရှိပြီးသား။
ပြင်သစ်တော်လှန်ရေးကာလမှာ တော်လှန်ရေးသမားတွေက သူမရဲ့ခင်ပွန်းသည်ကို ခေါင်းဖြတ်သတ်ခဲ့ကြတယ်။ အဲဒီကတည်းက သူမမှာ ပစ္စည်းဥစ္စာက ဗလာ ၊ အထောက်အပံ့က နတ္ထိ။
ဒီတော့ သူမက အမြှော်အမြင်ရှိတဲ့ မုဆိုးမများရဲ့လုပ်ရိုးလုပ်စဉ်ကို လိုက်နာတယ်။(တစ်ပင်လဲရင် တစ်ပင်ထူဖို့)
နောက်အိမ်ထောင်ပြုဖို့ သူမအနေနဲ့ ခင်ပွန်းသည်တစ်ယောက်ကိုရှာရသည်ပေါ့။သူငယ်ချင်းတစ်ယောက်က နပိုလီယန်အကြောင်းကိုပြောပြတယ်။
အဲဒီအချိန်က နပိုလီယန်အနေနဲ့ ကျော်ကြားမှုကလည်းမရှိသေး။ ငွေကြေးကလည်းမပြည့်စုံ၊ရှေ့တန်းစစ်မျက်နှာက ပြန်လာခါစ .....။ သူပိုင်တာက ယားနာတွေ ပြီးတော့ ယားနာတွေကိုသက်သာစေဖို့ဆံပင်ကိုလည်းရိတ်ထားသေး၊ ခေါင်းတုံးနဲ့ ။
ဒါပေမယ့် နပိုလီယန်ဟာ မကြာခင်မှာ ကြီးကျယ်ထင်ရှား လာတော့မယ့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း၊ သူမရဲ့သူငယ်ချင်းကပြောပြတယ်။ ဒါကြောင့်ဂျိုးဇက်ဖင်းလည်းနပိုလီယန်နဲ့တွေ့ဆုံချင်လာတယ်ပေါ့။(ပုထုဇဉ်လူသားကိုး)
ဒါပေမယ့် .... သူမဘယ်လိုကြံမလဲဆိုတာ အကြံထုတ်ကြည့်သည်။ နောက်တော့ (၁၂)နှစ်အရွယ်သားဖြစ်သူကို နပိုလီယံထံလွှတ်သည်။ သေသွားတဲ့အဖေဖြစ်သူရဲ့ စစ်လွယ်ဓါးကို ဆက်သချင်သည်ပေါ့။ နပိုလီယန်က လက်ခံသည်။
နောက်တစ်နေ့ ..... အလှပြင်ခြယ်သထားတဲ့ ဂျိုးဇက်ဖင်းတစ်ယောက် နပိုလီယန်ထံသွားသည်။ နပိုလီယန်ရဲ့ အကြင်နာတစ်ရားအတွက် ကျေးဇူးတင်ကြောင်းပေါ့ ။ မျက်လုံးအစုံမှာ မျက်ရည်တွေဝဲလို့ ။
ဂျိုးဇက်ဖင်းရဲ့ ဥပဓိရုပ် ၊ သူမရဲ့ထူးခြားလှတဲ့ ညှို့ဓါတ်ပါတဲ့ ဖမ်းစားမှုတွေက နပိုလီယန်ရဲ့ ရင်ကို အလွန်အမင်း ထိခိုက်လှုပ်ရှားစေခဲ့တယ်။ သူမဟာ လူမှုဆက်ဆံရေးမှာလည်းကောင်းတယ်။ ဒါကြောင့် သူမအိမ်ကို လက်ဖက်ရည်သောက်ကြွပါလို့ ဖိတ်ကြားတဲ့အခါ နပိုလီယန်အနေနဲ့ ကျေကျေနပ်နပ် နှစ်ထောင်းအားရပေါ့။
အိမ်ကိုရောက်သွားတော့ ...... "ကမ္ဘာ့သမိုင်းမှာ အကြီးမြတ်ဆုံးစစ်သူကြီးမြတ်ဆုံး စစ်ဗိုလ်ချူပ်ကြီး တစ်ယောက်ဖြစ်ကိုဖြစ်လာမှာပါ.....။ စသည်ဖြင့် ဂျိုးဇက်ဖင်းရဲ့အပြောတွေ .....၊နောက် (၃)လလောက်လည်းကြာရောသူတို့နှစ်ယောက် (ထိမ်းမြှားလက်ထပ်ဖို့ ) စေ့စပ်ကြောင်းလမ်း ကြောင်း ကြေညာခဲ့တာပေါ့။ နပိုလီယန်ဟာ အချိန်နဲ့ပတ်သက်လာရင်အလွန်တိကျတယ်၊အမှန်တစ်ကယ်ကိုလေးစားတန်ဘိုးထားတယ်။သူပြေနေကျ သူ့ရဲ့ဆောင်ပုဒ်က "အချိန်ဟာ အရေးအကြီးဆုံး အဓိက အရာပဲ။
တစ်ခါက သူပြောခဲ့ဖူးတယ်...... ငါဟာ စစ်ပွဲတွေကိုး ရှုံးကောင်းရှုံးမယ်....ငါ့အနေနဲ့ အချိန်ကလေး တစ်မိနစ် ဆုံးရှုံးသွားတယ် (အလဟဿ)ဖြစ်သွားတယ်ဆိုတာကိုတော့ ဘယ်သူမှတွေ့မြင်ရလိမ့်မယ်မဟုတ်ပေဘူး။
သို့သော်လည်း .... သူကိုယ်တိုင် မင်္ဂလာဆောင်တဲ့နေ့ ၊ သူ့ ရဲ့မင်္ဂလာပွဲကိုတော့ အချိန် (၂) နာရီနောက်ကျပြီးမှရောက်လာခဲ့တယ်။ လက်ထပ်ပေးရမယ့်တရားသူကြီး(သမာဓိမြို့ဝန်မင်း) ခမျာ စောင့်ဆိုင်းရတာငြီးငွေ့ပြီး တသမ်းသမ်း တဝေေ၀နဲ့ (နပိုလီယန်မရောက်ခင်) အိပ်ပျော်သွားမိသေးတယ်။
လက်ထပ်ပြီး (၄၈)နာရီအကြာမှာတိုက်ပွဲသစ်တွေအတွက် အီတလီ ဘက်ကို စစ်ချီတက်ခဲ့ရပြန်ပါတယ်။
သူ့ရဲ့တပ်မတော်ကြီးဟာ ရိက္ခာလည်းပြတ် ၊ အ၀တ်အစား အသုံးအဆောင်တွေကလည်းစုတ်ပြတ် ညစ်ပေချို့တဲ့နေတဲ့အခြေအနေ.....။
ဒါပေမယ့် အဆက်မပြတ်တရစပ်ထိုးစစ်ဆင်တိုက်ခိုက်တဲ့တကယ့်ထူးခြားပြောင်မြောက်တဲ့တိုက်ပွဲ.....။
နှစ်ပေါင်း တစ်ထောင်အတွင်းမှာ ဒီလိုတိုက်ပွဲမျိုး မကြုံခဲ့ဖူး....။ဥရောပတိုက်တစ်ခုလုံး အထိတ်တလန့် တအံ့တသြ ၊ တစ်ကယ့်ကို ကျွတ်ဆင်ကြီး......။
                             အံ့ဖွယ်အားလုံးအနက် အံ့ဖွယ်အကောင်းဆုံးတစ်ခုက ရှိသေးတယ်။ စစ်ကာလ စစ်မြေပြင်မှာပင် နပိုလီယံက ဂျိုးဇက်ဖင်းအတွက်စာရေးချိန်ရသေးတယ်။နေ့စဉ်နေ့စဉ် စာတစ်စောင်ရေးတယ်။ ချစ်ဇောတွေပြင်းပြ ၊ ရင်ထဲက လှိုင်းထပြီးထက်သန်တဲ့ စိတ်ထားနဲ့ ရေးသားခဲ့တဲ့မေတ္တာစာတွေ.....။
ဂျိုးဇက်ဖင်းဆီရေးခဲ့တဲ့ နပိုလီယန်ရဲ့မေတ္တာစာ(၈) စောင်ကို ၁၉၉၃ ခုနှစ်က လန်ဒန်မြို့မှာပေါင် ၄၀၀၀၀ နဲ့  လေလံတင်ရောင်းချခဲ့ပါတယ်။
ချစ်စွာသောဂျိုးဇက်ဖင်း
မင်းကိုချစ်ရတဲ့ မေတ္တာတရားက ငါ့ရဲ့ကျိုးကြောင်းဆင်ခြင်ဥာဏ်တွေကို ဖုံးလွှမ်းဖယ်ရှားခဲ့ပါပေါ့လားကွယ်။ မစားနိုင် မအိပ်နိုင်နဲ့...၊ဒီလိုနဲ့ပဲ မိတ်ဆွေရောင်ရင်း အပေါင်းအသင်းတွေကိုလည်းဂရုမစိုက်နိုင် ၊ ဂုဏ်ကျက်သရေ သိက္ခာဆိုတာကိုလည်း အလေးမထားနိုင်တော့ပါဘူး။ အောင်မြင်မှု အောင်ပွဲတွေကို တန်ဘိုးထားတယ်ဆိုတာကတော့ မင်းအတွက်ကြောင့်ပါပဲ...။ ကိုယ်အောင်ပွဲရရင် မင်းကျေနပ်တယ်.....မင်းကိုပျော်ရွှင်စေတယ်ဆိုလို့ပါပဲ.....။အဲဒီအတွက်သာမဟုတ်ဘူးဆိုရင် ငါ့ရဲ့စစ်တပ်ကိုစွန့်ခွာပြီး ပဲရစ်မြို့မှာရှိတဲ့ မင်းဆီကိုအပြေးလေး အမြန်နှုန်းနဲ့ ပြန်လာမိမှာပါပဲ....
မင်းအပေါ်မှာ အတိုင်းအဆမဲ့ မေတ္တာတရားနဲ့ လွှမ်းခြုံမိခဲ့ပြီ။ မင်းကိုချစ်ရလွန်းလို့ အရူးအမူးစိတ်နဲ့ ယစ်မူးခဲ့ရပါပြီ....။ (မင်းရဲ့ကိုယ်စား) မင်းရဲ့ရုပ်ပုံလွှာကိုမကြည့်မရှု အချစ်အနမ်းပန်းတွေ မပေးမိပဲ ကုန်ဆုံးသွားတဲ့အချိန်ရယ်လို့ မရှိပါဘူးကွယ်။
သူရေးခဲ့သောအချို့စာများနှင့် နှိုင်းစာလျှင် ဤစာမှာ သိမ်မွေ့သည်ဟု ဆိုရမည်။ ဤကဲ့သို့စာမျိုးဆိုလျှင် မိန်းမ အများစုက ၀မ်းပန်းတသာလက်ကမ်းကြိုဆိုကြမည်သာ ဖြစ်သည်။
သို့သော် ဂျိုးဇက်ဖင်းက ထိုစာများကို အလေးထားဟန်မတူ၊ ဂရုမစိုက် ၊သူမက တစ်ခြားယောက်ျားတစ်ယောက်နှင့် ဘာလိုလို ပြီတီတီ ၊အီစီကလီရိုက်.....။
နပိုလီယန်ထံစာပြန်ရန်ပင် အလေးမထား.... ဤအချက်က နပိုလီယန်ကို ဒေါသအမျက်ချောင်းချောင်းထွက်စေသည်။နောက်ဆုံးမှာ နပိုလီယန်ကလည်း သူမရဲ့ ဥပေက္ခာပြုမှု အလေးမထားမှုတို့ကို စိတ်ကုန်လာတယ်။ဒါကြောင့် အီဂျစ်ပြည်မှာ စစ်ဆင်ရေးဆင်နွှဲနေတုန်း မိန်းမလှတစ်ဦးကို မိမိနဲ့ လက်ဘက်ရည်အတူသောက်ဖို့ ဖိတ်ကြားတယ်။ ပဲရစ်မြို့မှ ဂျိုးဇက်ဖင်းကလည်းဒီသတင်းကို ကြားသိတယ်။
နပိုလီယန် ပြင်သစ်ကိုပြန်ရောက်တော့  ပြဿနာနဲ့ ဒုက္ခ အဲဒီမှာ စတွေ့တော့တာပဲ။
ကတောက်ကဆဖြစ်ကြတယ်။ နပိုလီယံက ဂျိုးဇက်ဖင်းကို အခန်းထဲအဝင်မခံ ..... ဒီလိုနဲ့ပဲ အဆုံးသတ်ခဲ့ကြတယ်။
မိသားစု ပြဿနာ အခက်အခဲတွေကလဲ ရှိသေးတယ်။ ဂျိုးဇက်ဖင်းရရှိတဲ့အခွင့်အရေးက နပိုလီယံရဲ့ညီမ များထက်သာတယ်။ ဒီအချက်က သူတို့ကို မနာလို ဝန်တိုဖြစ်စေတယ်။ သူတို့ကို နှိမ်တယ်ထင်ပြီး ဆွေ့ဆွေ့ခုန်မတတ် ဒေါသဖြစ်ကြတယ်။ သူမကို ကလဲ့စားချေမယ်လို့ (ဘုရားသခင်ကို တိုင်တည်ပြီး) ကျိန်ဆိုကြတယ်။
သူတို့က ဂျိုးဇက်ဖင်းကို အဖွားအို(အမယ်ကြီး)လို့ ခေါ်ဝေါ်သမုတ်ပြီး ပြက်ရယ်လှောင်ပြောင်ကြတယ်။ နပိုလီယံကိုလည်း ဝတုတ်ပြဲ သက်ကြားအို ဇနီးကိုကွာရှင်းပြီး နုနုပျိုပျို မိန်းမတစ်ယောက်နဲ့လက်ဆက်ဖို့ တိုက်တွန်းကြတယ်။
သူတို့ ဘယ်လောက်ပြောပြော ဂျိုးဇက်ဖင်းအပေါ်ထားတဲ့နပိုလီယံရဲ့ မေတ္တာတရားကိုတော့ မဖျက်ဆီးနိုင်။
မည်သည့်အရာမှလည်း ပျက်ပြားအောင် လုပ်ဆောင်နိုင်စေလိမ့်မည်မဟုတ်။
                     ဒါပေမယ့်......ဂျိုးဇက်ဖင်းကို ကွာရှင်းဖို့ သူ... အမှန်တစ်ကယ်ပဲ ဆုံးဖြတ်ခဲ့ရတယ်။ ဆုံးဖြတ်ရတဲ့အကြောင်းရင်းကလည်း တစ်ခုတည်းပါပဲ။ သူ့(နပိုလီယံ) အနေနဲ့ (အမွေခံ) သားယောက်ျားလေးတစ်ယောက် ကို မွေးဖွားပေးနိုင်မယ့် ဇနီးတစ်ယောက်ကို လိုအပ်လို့ပါပဲ။

No comments:

Post a Comment